Travelling.

Travelling.
Travelling leaves you speechless. Then turn you into a storyteller. Hope I have been a good one ^.^

Friday, October 21, 2016

Chiang Mai 3D2N Trip - 1, 2, 3 Oct 2016

As I had wrapped my entries for the USA West Coast trip, let me share about my 3D2N trip to Chiang Mai, before I move on to the East Coast stories.

I and my mother had to go to Phuket, Thailand for a business meeting and we extended our trip by flying to Chiang Mai afterwards.  The below entries were penned by my mother in our local tongue - Burmese. Enjoy!

~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

Kampaeng Ngam Hotel
18 Kampaengdin Rd., 
Changklan, Thailand, 
Mueang Chiang Mai District, 
Chiang Mai 50100

Twin Room - 2 nights - Exclude Breakfast - THB 3042
Located just 10 minutes walk away from the night bazaar

~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

Airport Taxi from airport to hotel - 150 THB
On-call Taxi from hotel to airport - 250 THB

~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

Day tour to Chiang Rai & Golden Triangle including lunch - 1000 THB per pax

Boat trip across Mekong River to Laos - 330 THB per pax

~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

Adios!
xoxo
Miss N



ချင်းမိုင်အပိုင်း(၁)

ဖူးခက်ကနေချင်းမိုင်ကို(၂)နာရီခွဲလောက်လေယာဉ်စီးလိုက်ရပါတယ်
မြို့တော်ကြီးမဟုတ်ပေမဲ့နိုင်ငံခြားသားတွေအလာများလို့လားမသိပါ
လေဆိပ်က တော်တော်လေးကြီးပါတယ်
Taxi ငှားရတာလည်းလွယ်ကူပြီး
ဈေးနှုန်းကလည်းတော်တော်လေး သင့်ပါတယ်
ပိုတောင်းတာတွေမရှိပါ
English စကားလည်းTaxiသမားတိုင်းလိုလိုပြောတတ်ပါတယ်

လေဆိပ်နဲ့မြို့ထဲက သိပ်မဝေးတော့ခဏနဲ့မြို့ထဲဘက်ရောက်ပါတယ်
ဒါပေမဲ့ လမ်းကလေးတွေကဟိုရှေးကထဲရှိတဲ့လမ်းကလေးတွေဆိုတော့ကျဉ်းပါတယ်
ဒါမို့ တလမ်းမောင်းလမ်းတွေလဲရှိတဲ့အတွက် ဟိုကွေ့ဒီကောက်နဲ့ တည်းမဲ့ဟိုတယ်ကို တော်တော်လေးမောင်းရပါတယ်
ဒီမှာကျွန်မသတိထားမိတာက လမ်းကျဉ်းကျဉ်းလေးမှာ ကားတွေလုမောင်းတာလည်းမရှိပါ
ဆိုင်ကယ်တွေ အများကြီးပေမဲ့လမ်းပြောင်းပြန်ဝင်တာလည်းမတွေ့ရပါ

အိမ်တွေကြည့်ပြန်တော့ ဝန်းခြံမရှိတဲ့အိမ်များပါတယ်
ဝန်းခြံရှိရင်လည်းနိမ့်နိမ့်လေးဘဲရှိပါတယ်
ဘယ်အိမ်မှလည်းသံဆူးကြိုးတွေအမြင့်ကြီးကာမထားပါ
အိမ်တွေက အထပ်မြင့်ကြီးတွေမရှိပါ
အလွန်ဆုံးရှိ၃,၄ထပ်တဲ့မပိုပါ
ဟိုတယ်တွေဘဲအထပ်မြင့်ကြီးတွေရှိပါတယ်, ဒါတောင်ဟိုတယ်တော်တော်များများက၂ထပ်၃ထပ်တဲ့မပိုပါ
ပန်းပင်သစ်ပင်တွေကိုတော့မြေရှိရင်ရှိသလို
မရှိရင်လည်းမဖြစ်ဖြစ်အောင်စိုက်ကြပါတယ်
ဈေးတွန်းလှည်းလေးတွေမှာတောင်ပန်းပင်လေးတွေတွဲလောင်းပါပါတယ်
သွားလာနေတဲ့လူတွေကြည့်လိုက်ရင်လည်းရေးကြီးသုတ်ပြာမရှိကြပါဘူး
ကြည့်ရတာအေးအေးချမ်းချမ်းပါဘဲ
အေးချမ်းလိုက်တာ

ကျွန်မတို့ရန်ကုန်ကလူတွေနဲ့မပြောပါနဲ့
ဘန်ကောက်ကလူတွေနဲ့တောင်တခြားဆီပါဘဲ
ကျွန်မ အဲဒီမြို့လေးကိုကြည့်ရင်း လွန်ခဲ့နှစ်လေးဆယ်ကျော် ကျွန်မနေခဲ့တဲ့အညာမြို့လေးကို သတိရမိပါရဲ့
အဲဒီအချိန်က ကျွန်မမြို့လေးတင်မဟုတ်ပါဘူး
မြန်မာပြည်က မြို့တော်တော်များများဒီပုံစံပါဘဲလေ
အညာမြို့လေးတွေမို့ဖုတ်ထူတာကလွဲလို့ပေါ့
ခုတော့ကျွန်မတို့မြန်မာပြည်မှာ
မြို့တိုင်းပါဘဲကိုယ့်အိမ်ကိုယ့်ခြံလုံခြုံအောင်ကာကွယ်နေရတာ
လမ်းလည်းလမ်းပေါ်မို့
အိမ်လည်းအိမ်မို့
ဖိစီးမှုတွေပူပန်မှုတွေနဲ့လေ
ကျွန်မတို့တွေပျောက်ဆုံးသွားတာအများကြီးပါလား
စာရိတ္တတွေပျောက်ရင်း
ကျွန်မတို့ရဲ့နိဗ္ဗာန်ဘုံတွေပါပျောက်သွားတာလေ
ကြည့်ရင်းအတိတ်ကိုလွမ်းတရင်းတည်းမည့်ဟော်တယ်ကိုရောက်ခဲ့ပါတယ်

ချင်းမိုင်အပိုင်း(၂)

ကျွန်မတို့ဟိုတယ်လေးက လမ်းမကြီးပေါ်မှာမဟုတ်ဘဲ လမ်းသွယ်လေးထဲမှာပါ
ဒါပေမဲ့ ၅မိနစ်လောက်လမ်းလျှောက်လိုက်တာနဲ့ လမ်းမကြီးပေါ်ကိုရောက်ပါတယ်
ဟိုတယ်လေးကရေကူးကန်ပါပေမဲ့အကြီးစားကြီးမဟုတ်ပါဘူး
ရှိလှရင်ပေ၃၀, ပေ၆၀ ပေါ့ ရှေ့မျက်နှာစာအဖီချထားတာပါဆိုတော့ အလွန်ဆုံးရှိပေ၈၀ပေါ့
၎ထပ်အဆောက်အအုံလေးပါ



ဒါပေမဲ့ သစ်သားကိုရှေးဟောင်းပုံစံသုံးတာ
နေရာတိုင်းမှာစာအုပ်စင်လေးတွေထားပေးတာ
Indoor အပင်လေးတွေနဲ့သဘာဝကျအောင်ထားတာတွေ
ဟိုတယ်ဝန်ထမ်းတွေကလည်း အနောက်တိုင်းဟိုတယ်ဝန်ထမ်းဝတ်စုံမျိုးမဟုတ်ဘဲ ယိုးဒယားတွေရဲ့သာမာန်ဝတ်စုံမျိုးကိုဝတ်ထားတာ
ကြည့်လိုက်ရင်ရိုးရှင်းပြီးကိုယ့်အိမ်မှာကိုယ်နေရသလိုမျိုးခံစားရစေတာ
ဒါတွေကပိုပြီးဆွဲဆောင်မှုရှိတယ်လေ

ကုတင်တွေဘီရိုတွေကြည့်ရင်အညာကအိမ်ကိုတောင်လွမ်းမိပါတယ်
ကျွန်မတို့တွေကအသစ်တွေနောက်ကိုလိုက်နေချိန်မှာစိတ်ကူးကောင်းတဲ့သူတို့တွေကအရိုးဆုံးကိုအဆန်းဆုံးအသွင်နဲ့ ဆွဲဆောင်နေတယ်လေ
ဒါတွေကိုလည်းသင်ယူမိပါတယ်

ဟိုတယ်မှာပစ္စည်းတွေချပြီးတာနဲ့ရသမျှအချိန်လုပြီးမြို့ပတ်ပတ်လည်လေ့လာဖို့ထွက်ခဲ့ပါတယ်
အဲဒီမှာရှိတဲ့bus ကားက ဒီမှာလိုအကြီးကြီးတွေမဟုတ်ပါဘူး
လမ်းကကျဉ်းတော့ ကားကြီးကြီးမောင်းလို့မရဘူး
ဟိုင်းလပ်ကို အမိုးတပ်ထားတဲ့ကား
အရင်ကသိမ်ဖြူအင်းစိန်ဘက်ကိုမောင်းတဲ့၄၈ လိုင်းကားလိုမျိုး
ဒါပေမဲ့ ကြားခုံမထားဘူး
လမ်းထိပ်တွေမှာတစီးစီဘဲရပ်တယ်
လူတက်ရင်လူပြည့်အောင်မစောင့်ဘူးထွက်တယ်
လူလုခေါ်တာလည်းမရှိဘူး
ဘယ်စီးစီးဘတ်၂၀ပါဘဲ
ဒါပေမဲ့အဲဒီမှာကျွန်မတို့က Tourists တွေလေ
အနှံ့အေးအေးဆေးဆေးကြည့်ချင်တော့ ကားမစီးဘဲ ကိုယ့်ခြေကိုယ်သုံး ကိုယ့်လမ်းကိုယ်လျှောက်ကြတာပေါ့
လိုင်းကားကိုလည်းဓါတ်ပုံရိုက်ခဲ့တာလေးတင်ပေးလိုက်ပါတယ်

ငေးရင်းမောရင်းမှတ်တမ်းမတင်ခဲ့မိတာတွေအများကြီးပါဘဲ
သွားရင်းလာရင်းသွားဆေးခန်းလေးတွေ့တော့လည်းမှတ်တမ်းတင်မိပါသေးတယ်
မြို့လုံးပတ်လည် လည်ပတ်ရင်းတွေ့မြင်မိသမျှ
တွေးဆမိသမျှနောက်နေ့တွေမှာမျှဝေပါဦးမယ်


ချင်းမိုင်အပိုင်း(၃)

ဟိုတယ်ဘေးပတ်ပတ်လည်မှာ တောင်စောင်းပေါ်ခြံဝန်းကျယ်ကြီးထဲ ဟိုတယ်ကြီးတစ်ခုရှိတယ်
ဟိုတယ်သေးသေးလေးတစ်ခုနှစ်ခုနဲ့ Guest house ၂ခု၃ခုရှိတယ်
စားသောက်ဆိုင်လေးတွေရှိတယ်
ထိုင်းရိုးရာစားသောက်ဆိုင်လေးတွေရှိသလိုCoffee shop လေးတွေ
European စတိုင်ဆိုင်လေးတွေလည်းရှိတယ်
ဆိုင်လေးတွေအားလုံးကသိပ်မကြီးဘူးမခန်းနားဘူး
ဒါပေမဲ့သပ်သပ်ရပ်ရပ်နဲ့ထိုင်းပုံစံမပျက်ကလေးတွေ
အပင်လေးတွေနဲ့မြင်ရတာနဲ့တင်အေးချမ်းနေတယ်

ထိုင်းရိုးရာအနှိပ်ခန်းလေးတွေ
အင်္ကျီချုပ်ဆိုင်လေးတွေ
ချင်းမိုင်ပတ်ပတ်လည်လည်ပတ်စရာtour စီစဉ်ပေးတဲ့travel tour လက်မှတ်ရောင်းတဲ့ဆိုင်လေးတွေလည်းရှိတယ်

ဒါပေမဲ့  ဆူညံမနေဘူး
လမ်းကျဉ်းကျဉ်းလေးပေမဲ့မညီမညာမဖြစ်ဘူး
အမှိုက်တွေရေအိုင်တွေနဲ့လည်းညစ်ပတ်မနေဘူး

သားအမိနှစ်ယောက် ၅မိနစ်လောက်လမ်းလျှောက်လိုက်ရင်ဘဲ လမ်းမကြီးပေါ်ကို ရောက်သွားပါတယ်
လမ်းမကြီးပေါ်မှာ အိမ်အတော်များများကဆိုင်တွေပါဘဲ
ဒေသထွက်ရိုးရာထည်တွေနဲ့လက်မှုပစ္စည်းတွေရောင်းကြပါတယ်
အိမ်လေးတွေက၂ထပ်၃ထပ်ထက်မပိုဘူး
သိပ်ကြီးလည်းထူးထူးခြားခြားပြင်ဆင်မထားဘူး

လမ်းမကြီးထောင့်မှာ မှန်အလုံခန်းနဲ့ ယူနီဖောင်းဝတ်စုံလေးတွေနဲ့ရောင်းတဲ့ဆိုင်ခန်းကျယ်ကျယ်တခုတွေ့လို့ ဝင်ကြည့်လိုက်မိတယ်
အိတ်တွေ, ငွေထည်တွေ, ရတနာထည်လေးတွေ
သားရေထည်တွေ
ဈေးတွေကမြင့်လိုက်တာ
သေချာကြည့်တော့မိချောင်းသားရေအစစ်နဲ့လုပ်ထားတာကိုး
ကျွန်မတို့သားအမိ ဟိုအိတ်ကိုင်ကြည့်ဒီအိတ်ကိုင်ကြည့်  ဟိုဟာမေးဒီဟာမေးလည်း
စိတ်မပျက်ပေါင်စိတ်လက်ရှည်ရှည်ပါဘဲရှင်
ဘာမှမယူဘာမှမပြောဘဲထွက်သွားတော့လည်းအပြုံးမပျက်ပါဘဲ

ဆက်လက်ထွက်ခွာပြီးအချိန်တွေပိုနေတော့ ဟိုဆိုင်ဝင်ဒီဆိုင်ဝင်နဲ့ လျှောက်မွှေပေါ့
အဲဒီလမ်းမကြီးပေါ်ကဆိုင်တွေက တကယ့်လက်ရာကောင်းတဲ့
Handmade quality ဆိုင်တွေဖြစ်တော့ ဈေးတွေက တော်တော်ကြီးပါတယ်
ဒါပေမဲ့ ဝယ်ပါယူပါ အတင်းမတိုက်တွန်းသလို
ဘယ်သူမှလည်း စောင့်ကြည့်မနေပါဘူး

ခုကျွန်မတို့နေတဲ့ဟိုတယ်အပါအဝင် ခုကျွန်မသွားနေတဲ့တစ်လျှောက်လုံး မြို့ဟောင်းဧရိယာထဲမှာပါ
ဒီမြို့ဟောင်းထဲမှာဘုရားတွေအများကြီးပါဘဲ
ဘုရားတွေ စေတီတွေက မြန်မာလက်ရာတွေလိုပါဘဲ
ဘုရားတွေ ဝင်ဖူးလိုက် ဓါတ်ပုံရိုက်လိုက်နဲ့ မမောနိုင်မပန်းနိုင်ပေါ့

ဆာဆာရှိ လမ်းဘေးတွန်းလှည်းဆိုင်လေးက မုန့်တွေ ဝယ်စားလိုက်
ဆက်လျှောက်လိုက်
အုန်းရေ ဝယ်သောက်လိုက်
ဒူးရင်းသီး ဝယ်စားလိုက်ပေါ့


လမ်းဘေးဆိုင် တွန်းလှည်းဆိုင်သာဖြစ်တာ
မှန်ပုံးလေးတွေနဲ့ ထည့်ထားတယ်
မုန့်ထည့်ပေးတိုင်း  အုန်းသီးခွဲပေးတိုင်း ပလပ်စတစ်လက်အိပ်အသစ် စွပ်တယ်
သူတို့အမှိုက်တွေ ဝယ်သူစားပြီးအမှိုက်တွေ သူတို့အိပ်ကြီးတခုနဲ့ ကောက်ပြီးစုထည့်တယ်
အမှိုက်တစမကျစေခဲ့ရဘူး
အသီးဆို လတ်ဆတ်တာဘဲထည့်ပေးတယ်
မကောင်းတာဆိုလုံးဝမရောင်းဘူး  ရွေးစရာမလိုဘူး

အဲဒီလိုနဲ့ International school ကျောင်းရှေ့မှာ ကောက်ညှင်းနဲ့သရက်သီးစားနေတဲ့အချိန် (Sticky rice and mango ဆိုတဲ့ထိုင်းအစားအစာ, သူတို့ဆီမှာသရက်သီးကတနှစ်လုံးရတယ်) Ambulance ဥသြသံ ကြားရပါလေရော
လမ်းကျဉ်းကျဉ်းကျောင်းရှေ့ဘယ်လိုဖြစ်မလဲပေါ့
ဥသြသံကြားလိုက်တာနဲ့တပြိုက်နက်ထဲ သွားနေတဲ့ယာဉ်တွေအကုန်လုံး ဘေးကပ်ရပ်
အဲဒီအထဲ taxi တစီးကကားဆရာ ကားထဲကထွက်ပြီး လမ်းညွှန်ပြပြီး ကူလမ်းရှင်းပေးလိုက်ပါသေးတယ်
ကျွန်မအတွက်တော့အိပ်မက်တခုအလားပါဘဲလေ

ချင်းမိုင်အပိုင်း(၄)

Tourists ကြီးကျွန်မ ငေးရင်းမောရင်းစားရင်းသောက်ရင်း လျှောက်လာလိုက်တာ
မြို့ဟောင်းရဲ့ မြို့အဝင်မြို့ရိုးကြီးကို ရောက်လာပြီလေ
မြို့ရိုးက သိပ်မကျန်တော့ပါဘူး , ကျန်တာလေးကို နဂိုမူမပျက် ထိန်းသိမ်းထားတာ

မြို့ရိုးပတ်ပတ်လည်လည်မှာကျုံး (အရင်ကတော့တော်တော်ကျယ်ပါလိမ့်မယ်, ခုတော့ မြောင်းသာသာဘဲရှိပါတယ်, ဒါပေမဲ့ သေသေချာချာဂရုတစိုက်နဲ့ ထိန်းသိမ်းထားတာပါ) ရှိပါတယ်
ဒီမှာTourists ဧရိယာဖြစ်ပြီး ဓါတ်ပုံရိုက်လိုက်ကြတာ, ဒါကိုကြည့်ပြီး ကျွန်မအတွေးနယ်တွေ ပွားလိုက်တာ, ကုန်းဘောင်ခေတ်ကိုစုန်ချီဆန်ချီပေါ့



ရာဇဝင်ထဲကဇင်းမယ်
တတိယမြန်မာနိုင်ငံကိုတည်ထောင်ခဲ့တဲ့ အလောင်းမင်းတရားဦးအောင်ဇေယျလက်အောက်ကို ကျရောက်ခဲ့တဲ့ဇင်းမယ်
မြန်မာပြည်ကို ယိုးဒယားစစ်သုံ့ပန်းတွေ ရောက်ခဲ့သလို မြန်မာပြည်က ဝန်မင်းတွေ သွားရောက်အုပ်ချုပ်ခဲ့ရတဲ့ ဇင်းမယ်

ခု ဒီဇင်းမယ်က
တချိန်က ကိုယ်ထီးကိုယ့်နန်းကိုယ့်ကြငှန်းနဲ့ စံခဲ့ရတဲ့အမှတ်တရတွေ
ဓါတ်ပုံတွေရိုက်ကြလို့ ဂုဏ်ဝင့်ထယ်နေလိုက်တာ

တတိယမြန်မာနိုင်ငံကိုတည်ထောင်တဲ့ဦးအောင်ဇေယျရဲ့ ငါးမည်ရပြည်ရွှေဘိုရဲ့ ကျုံးနဲ့မြိုးရိုးတွေကတော့ ဟိုနေရာဒီနေရာညွှန်ပြနိုင်ယုံကလွဲလို့ ဒီလိုရှေးမူမပျက် ပြလောက်စရာမရှိတော့ပါ

နန်းတော်မြို့ရိုးကတော့ အရင်အင်္ဂလိပ်ခေတ် ထောင်လုပ်လိုက်တာ လွတ်လပ်ရေးရပြီးလဲ ဆက်လက်ထောင်အဖြစ်ထားရှိခဲ့တာ
ခုတော့ ပြန်လည်ပြုပြင်နန်းတော်အဖြစ်ထားရှိတယ်ဆိုပေမဲ့ အရင်မူရင်းတော့ မဟုတ်တော့ဘူးပေါ့
ကျွန်မတို့မှာ တန်ဖိုးထားစရာတွေကို တန်ဖိုးမထားမိခဲ့တဲ့အပြစ်တွေလေ

သူတပါးတိုင်းနိုင်ငံကိုသိမ်းပိုက်ရယူတာကိုဂုဏ်မယူပေမဲ့
မြန်မာဆိုတာ သူ့ဂုဏ်သိက္ခာသူစွမ်းအားနှင့် မားမားဝံ့ဝံ့ရပ်တည်ခဲ့၏
အမျိုးဘာသာ သာသနာ အနုပညာစာပဒေသာနှင့် မူပိုင်ယဉ်ကျေးရှိခဲ့လေ၏

ဒါတို့ပြည်
ဒါတို့နန်း
ဒါတို့ယဉ်ကျေးမှု
သမိုင်းအမွေပြခါလေနှင့်
မျိုးမာန်ဇာတိကြက်သီးထခါ
ပွားများလိုအောင်ပြလိုသည်မှာ
ကျွန့်ဆန္ဒမှန်ဖြစ်ပါလေသည်
ရင်မှာခံခက်ဝမ်းနည်းမိသည်
နှမလက်လျော့ထားရစ်တော့

တကယ်ပါ
ကျွန်မလေသူတို့ပြည်ကသမိုင်းကိုထိန်းတာမြင်ရတော့ဝမ်းနည်းလိုက်တာ
မိမိလူမျိုးမိမိတိုင်းပြည်အတွက်ပါ

မန္တလေးနန်းတော်နဲ့ကျုံးမြို့ရိုးကရော နန်းတွင်းရော မူရင်းတွေပျောက်ပြီး
ရောရောထွေးထွေးနဲ့ သမိုင်းကို ဘယ်လိုပြန်လည်ခံစားရမှန်းတောငိ မသိတော့ပါဘူး

ဆရာကြီးဒေါက်တာသန်းထွန်းပြောသလိုဘဲ
သမိုင်းဆိုတာ မအအောင်ပါ
သမိုင်းက လိမ်လို့မရပါဘူး
သမိုင်းက အမှားအမှန်တွေ ပြောနေတာပါ
သမိုင်းကနေ သင်ယူရမှာပါ

သူတို့တွေက သူတို့မျိုးဆက်တွေကို အဲလိုတွေနဲ့ သင်ယူခဲ့စေတယ်
ဒါကြောင့် သူတို့ဟာ သူတို့ရဲ့ သမိုင်းကြောင်းကို ထိန်းတယ်
ဒါမို့ ခုတော့ ကျွန်မတို့ထက် အဖက်ဖက်က သာသွားပြီ
ကျွန်မတို့က ရာဇဝင်ထဲမှာ ကျန်ရစ်ခဲ့ပြီလေ

ထလော့ မြန်မာ
မြန်မာ ထလော့
မျိုးဆက်သစ်တို့ တိုးတက်ရစ်ဖို့ နိုးကြားကြအောင် နိုးဆွဖို့က ကျွန်မတို့တာဝန် မဟုတ်ပါလား

တွေးမိသမျှ ရေးမိတာပါ
ဆက်လက်ခံစားမိသမျှ  မျှဝေပါဦးမယ်


ချင်းမိုင်အပိုင်း(၅)

အတွေးနယ်တွေပွားရင်း မြို့ထဲဘက် ပြန်လျှောက်လာခဲ့ပါတယ်
မြို့ထဲမှာ တော်တော်ကို ဘုရားစေတီများပါတယ်
ရှေးဟောင်းပုံစံတွေပါ
မြန်မာပြည်က ရှေးဘုရားတွေ ကျောင်းကန်ဇရပ်တွေနဲ့ တော်တော်တူပါတယ်
ကျွန်မဇာတိမြို့ ရွှေဘိုက ဘုရားတွေဘုန်းကြီးကျောင်းဟောင်းတွေ နဲ့တူပါတယ်

ကျွန်မတို့မြို့မှာတော့ အသစ်တွေ အစားထိုးသွားပြီ ထင်ပါတယ်
ဒီမှာတော့ မူရင်းမပျက်ထားတာပါ

ဘုရားတစ်ဆူဝင်ဖူးတော့ ရှေးမြန်မာစစ်သားပုံ တွေ့ရတယ်

ဒါ ငါတို့ဘိုးဖွားတွေများ တည်သွားလေလားလို့ အတွေး ပွားမိပါတယ်

သဲပုံစေတီလေးတွေတွေ့ရတော့လည်း မြန်မာတွေနဲ့ တော်တော်တူပါလား
ငါတို့မြန်မာတွေရဲ့ အမွေအနှစ်တွေလားလို့ ယူကြုံးမရသလို ဖြစ်မိပါရဲ့


တမြို့လုံး နိုင်ငံခြားသားတွေ ပြည့်နေတာပါဘဲ
သူတို့တွေက အေးချမ်းတာ   အစစအရာရာ ဈေးသက်သာတာတွေထက်
ဒီမြို့မှာရှိတဲ့ ရှေးဟောင်းအဆောက်အအုံတွေ  ယဉ်ကျေးမှုတွေသမိုင်းကြောင်းတွေကို ပိုပြီး စိတ်ဝင်စားလို့ ဖြစ်မှာပါ

သူတို့တွေကတော့  သမိုင်းကြောင်းတွေ  ထိန်းသိမ်းရင်း  နိုင်ငံခြားဝင်ငွေကို  ရှာနေတာပါ
ဘုရားကျောင်းကန်တွေဝင်လို့လည်း ဝင်ကြေးတော့ မပေးရပါဘူး

ဒါပေမဲ့ ဧည့်သည်များများလာတော့  ဟိုတယ်တွေ စားသောက်ဆိုင်တွေ ပစ္စည်းအရောင်းဆိုင်တွေ  ကားသမားတွေ အကုန်လုံး အလုပ်ဖြစ်ကြတယ်လေ
စားသောက်ဆိုင်တွေ နာမည်ကြီးBrand တွေရှိလည်း ရိုးရာပုံသိပ်မပျက်ဘူး
မိန်းကလေး  ယောက်ျားလေး  အဝတ်အစားလည်း  ဟော့ဟော့ရမ်းရမ်းဝတ်တာ  မတွေ့ရဘူး
ဆိုင်ကြီးကြီးသေးသေး Internet free wifi ကလည်း ရသေးတယ်
အပင်လေးတွေနဲ့ ရိုးရာပုံစံအလှဆင်ထားတယ်ဝင်ပြီးဓါတ်ပုံရိုက်လည်းဘာမှမပြောဘူး


ညနေ၆နာရီမှ ညဈေးကဖွင့်မှာဆိုတော့ အချိန်အားနေတာနဲ့ ဆိုင်လေးတဆိုင်ဝင်
ကော်ဖီသောက်ရင်း wifiသုံးရင်း နားနေမိပါတယ်

နားရင်း ဆိုင်လေးကို လေ့လာကြည့်တော့ လမ်းဒေါင့်လေးမှာပါ
တဖက်က လမ်းမကြီးဖက်မျက်နှာမူပြီး တဖက်ကလမ်းသွယ်လေးရဲ့ ဒေါင့်လေးပါ
အဲဒီဖက်မှာ ရိုးရာပုံထီးအကြီးကြီးတွေနဲ့ စားပွဲ၃ခုလောက် ခင်းထားပါသေးတယ်
ဝန်းခတ်မထားဘဲ အပင်သေးသေးလေးတွေဘဲချထားတာပါ
အဲဒီရဲ့ဘေးမှာ toilet ၂ခုရှိပြီ: အပြင်မှာလက်ဆေးကန် ရှိပါတယ်
လမ်းသွယ်ဘက်ကဆို ဘာအရံအတားမှမရှိလို့ ရေအိမ်သုံးသုံး စားပွဲထိုင်ထိုင် လွယ်လွယ်လာလို့ရပါတယ်

ငါတို့မြန်မာပြည်မှာဆိုရင်ရော ဆိုတဲ့ အတွေးလေးတွေးမိတာနဲ့ အလိုလို ဝမ်းနည်းလာမိပါတယ်
တခုခုဆုံးရှုံးထားသလိုပါဘဲ
ဒါမှမဟုတ် ကလေးများလို သူ့မှာရှိပြီး ငါ့မှာမရှိလို့လား မသိပါ

နားပြီးတာနဲ့ ၆နာရီလည်းထိုးတော့မှာဆိုတော့ ညဈေးကိုလမ်းမလျှောက်ချက်တော့လို့ Taxi ငှားပြီး သွားပါတယ်
ညဈေးရောက်တော့ ဟိုလျှောက်ဒီလျှောက် ဟိုဝယ်ဒီဝယ်ပေါ့
ဈေးလေးတွေက တော်တော်ကို သက်သာပါတယ်

ဝယ်ရင်းနဲ့တွေ့ခဲ့တာ မြန်မာပြည်အနှံအပြားက
သူတို့တွေက ဆိုင်ပိုင်ရှင်တွေလားလို့ မမေးရက်ခဲ့ဘူး

ကချင်ပြည်နယ်ဗန်းမော်ဘက်ကမိန်းကလေး
မကွေးတိုင်းငဖဲကယောက်ျးလေး
ရှမ်းပြည်ကယောက်ျားလေး
မွန်မလေး
တော်တော်များများတွေ့ခဲ့ရတယ်

ဘုရားအတွက် ကြွေခွက်လေးတွေလိုချင်လို့ ဘယ်နားမှာရနိုင်မလဲလို့ မေးတော့မှ
ကျွန်မထင်သလို ညဈေးဆိုတာ ပလက်ဖောင်းတလျောက် မဟုတ်ဘဲဈေးရုံကြီးလမ်း ဟိုဖက်ဒီဖက် မြေအောက်ထပ်ပါ ရှိတာကိုး
ဈေးတွေကလည်း သိပ်တင်မထားဘူး
တဆိုင်နဲ့တဆိုင် သိပ်မကွာလှဘူးလေ


ဈေးဝယ်ရတာလည်း မောလာ
လမ်းလျှောက်ရတာလည်း ညောင်းလာတော့ စားဖို့ ကြည့်လိုက်ပါတယ်

ဈေးဘေးပလက်ဖောင်းမှာ ကိုးရီးယားကားထဲကလို ပလပ်စတစ်အမိုးနဲ့ဆိုင်
အဖြူကောင်တွေရော ယိုးဒယားတွေရော ကြိတ်ကြိတ်တိုးနေတဲ့ဆိုင်လေး တွေ့မိပါတယ်
ထိုင်ခုံရအောင် ခဏ စောင့်ရပါသေးတယ်
ယိုးဒယား ကွေ့တယိုပြုတ် ဆိုင်လေးပါ   မိသားစုဆိုင်လေးပါ

အရသာတော်တော်ကောင်းပြီး ဈေးကလည်း ဘတ်၅ဝ  မြန်မာငွေနဲ့ဆို ၁၈၀၀ကျပ်
ညစာ ထမင်းလွတ်ပါတယ်

ဗိုက်လည်းတင်း  နောက်နေ့လည်း မနက်စောစောထပြီးသွားရဦးမှာဆိုတော့ ဟိုတယ်ကို ပြန်လာပါတယ်
ပြန်လာတဲ့လမ်းမှာ ဆိုင်တွေက စည်ကားနေတာပါဘဲ
မနက်ဖြန်ခရီးသွားတဲ့အခါ လမ်းမှာဆာရင်စားဖို့ စတိုးဆိုင်လေးမှာ မုန့်ဝင်ဝယ်လိုက်ပါသေးတယ်

နာရီကြည့်လိုက်တော့ ၁၀နာရီခွဲကာနီးနေပြီ
သမီးကြီးကို taxi ငှားပြီး ပြန်ရအောင်လို့ ပြောတော့
Google map က နီးနီးလေးရယ်  သမီးတို့ဟိုတယ်လမ်းသွယ်က ဟိုဘက်လမ်းမကြီးနဲ့ ဒီဘက်လမ်းမကြီးကို သွယ်တန်းထားတာ , အသွားတုံးက ဟိုဘက်လမ်းမကြီးဘက်က ထွက်တာ, ခု ဒီဘက်လမ်းမဘက်က ဝင်မယ်တဲ့လေ


ကျွန်မက ကိုယ်တခါမှ မရောက်ဘူးတဲ့ နယ်မြေ
အချိန်က ည၁၀နာရီခွဲ မိန်းကလေး၂ယောက်ထဲ လမ်းလျှောက်ပြီး သိပ်မသွားချင်ဘူး
ဒါပေမဲ့နီးလို့လား  မိုးချုပ်သွားလို့လား မသိဘူး
Taxi ကားလဲမတွေ့မိတော့ လမ်းဘဲ လျှောက်သွားရတာပေါ့

လမ်းထဲဝင်လာကထဲက ဆိုင်တွေတော်တော်များများ ပိတ်နေပြီ
ဆိုင်ကယ်တစီးစနှစ်စီးစ ဖြတ်သွားတယ်
ဆိုင်ကယ်တစီးအနားက ဖြတ်သွားတာနဲ့ လန့်သွားမိသေးတယ်

ဪငါ့နှယ် မြန်မာတစ္ဆေခြောက်နေပါလားပေါ့
ထိုင်းရိုးရာအနှိပ်ခန်းနှစ်ခန်းလောက်ဘဲ ဖွင့်ထားတယ်
ဝန်ထမ်းမိန်းကလေးတွေ  အပြင်ထွက်ပြီး အဝတ်လျှော်နေကြတယ်
လိုင်းကားတစီးခရီးသည်တယောက်ထဲနဲ့ မောင်းသွားတယ်
အမှိုက်သိမ်းသမလေးက အမှိုက်တွန်းလှည်းလေးကို သီချင်းတအေးအေးနဲ့ တွန်းလာတယ်
တွန်းလှည်းလေးနဲ့ ဈေးသည်ကောင်လေးက ရောင်းကုန်လာလို့ တက်တက်ကြွနဲ့ ဆိုင်တွန်းလှည်းလေး တွန်းလာတယ်

ကြောက်လန့်နေတဲ့ မျက်နှာတွေ
စိုးရိမ်ပူပန်နေတဲ့ မျက်လုံးတွေ
ခြေကုန်လက်ပန်းကျနေတဲ့ အားအင်ကုန်ခမ်းနေတဲ့ သူတွေ
စိတ်ဖိစီးမှုများနေတဲ့ ရုပ်သွင်တွေ
စိတ်တိုစိတ်ဆတ်နေကြတဲ့ အလိုမကျမှုတွေနဲ့ပြည့်နေတဲ့ မျက်နှာတွေ
ကျွန်မအိမ်အပြန်လမ်း ညတိုင်းတွေ့နေကျ

ခု ဒါဟာအိပ်မက်လား
ဒီအိပ်မက်မျိုး ကျွန်မအမြဲမက်ချင်ပါတယ်ရှင်
ဪကျွန်မ မှာ အိပ်မက်ကမ္ဘာထဲရောက်ရောက်သွားသလိုပါဘဲ


ဒီလိုနဲ့ ဟိုတယ်ရောက်သွားတော့ ဟိုတယ်ကလည်း တံခါးမရှိ ဓါးမရှိ ဖွင့်လျက်ပါဘဲ
ညတာဝန်ကျတဲ့ မန်နေဂျာမလေးက မနက်ဖြန်၇နာရီ ကားလာခေါ်မယ်လို့ ပြောပါတယ်
Good night လို့ နှုတ်ဆက်ပြီး အနားယူအိပ်စက်ဖို့ အပေါ်ထပ်ကို တက်ခဲ့ပါတယ်
မနက်ဖြန် ကျွန်မသွားမဲ့ခရီးစဉ်ကို မိတ်ဆွေများကို ခေါ်သွားပါမယ်
ရွှင်လန်းချမ်းမြေ့ကြပါစေ

ချင်းမိုင်အပိုင်း(၆)

ကျွန်မသမီးက ကျွန်မကို မေးတယ်
မေမေ တရက်တော့ အချိန်ရတယ်, ဘယ်လည်ချင်သလဲတဲ့

White temple တော့သွားချင်တယ်
ရွှေတိရိဂံလည်း ရောက်ဖူးချင်တယ် ဆိုလို့ တရက်ခရီးစဉ်လေး စီစဉ်ပေးတယ်
တစ်ယောက်ကို ဘတ်တစ်ထောင် ပေးရတယ်
ဝင်ကြေးပါပါပြီး ရေသန့်နဲ့ နေ့လည်စာ ပါပါတယ်

မနက်၇နာရီတိတိဘဲ ကျွန်မတို့ကို ဟိုတယ်လာခေါ်ပါတယ်
၁၅ယောက်စီး Hiace ကားလေးနဲ့ပါ
Tour guide နဲ့ Driver အပြင်ခရီးသည်၇ယောက်မို့ ချောင်ချောင်ချိချိစီးရပါတယ်

အဝေးပြေးခရီးလမ်း တောင်ဆင်းတောင်တက်လေးတွေ ရှိပေမဲ့
လမ်းကြီးက ဖြောင့်ဖြူးနေတော့ စီးရတာ အင်မတန် သက်တောင့်သက်သာ ရှိပါတယ်

လမ်းဘေးမှာ စပါးပင်တွေက စိမ်းစိုနေတာပါဘဲ
ဂိုက်ပြောပြတာက ဒီနယ်ပတ်ဝန်းကျင်မှာ မြေပဲနဲ့ပြောင်းဖူး, နာနတ်သီးအထွက်များပြီး အရသာ အလွန်ကောင်းပါတယ်တဲ့
လမ်းဘေးမှာ သပ်သပ်ရပ်ရပ်တဲလေးတွေနဲ့ ပြောင်းဖူးတွေ  နာနတ်သီးတွေ လယ်တောထွက်ပစ္စည်းလေးတွေ ရောင်းနေတာ တွေ့ရပါတယ်
ဝါးလက်မှုပညာကိုလည်း အတော် နိုင်နင်းပုံရပါတယ်
ဝါးနဲ့လုပ်တဲ့ပစ္စည်းလေးတွေ ရောင်းနေတာလည်း တွေ့ရပါတယ်

ပထမကားနားတဲ့နေရာက ရေပူစမ်းပါ
ဒီနေရာ ရေတွေက ရေပူလေးတွေပါ
ရေအိမ်သုံးတော့လည်း ပိုက်ကလာတဲ့ရေလေးတွေက နွေးနေပါတယ်

အဝင်ပေါက်က ရေပူတွင်းကတော့ ပွက်ပွက်ဆူတာမို့ ကိုယ်တိုင်ဝါးခြင်းလေးတွေနဲ့ ကြက်ဥငုံးဥတွေ ပြုတ်စားလို့ ရပါတယ်
ခဏနားပြီးတာနဲ့ White temple ကို ခရီးဆက်ခဲ့ပါတယ်

ဝင်ကြေးကဘတ်၅၀ဆိုပေမဲ့  တစ်ထောင်ထဲမှာပါပြီးတာမို့ ပေးဖို့ မလိုတော့ပါဘူး


နာမည်ကျော်မယ်ဆိုလည် ကျော်စရာပါ
အနုပညာလက်ရာက အံ့မခန်းပါဘဲ
ဒီကျောင်းတော်ရဲ့တကယ့်နာမည်က
Wat Rong Khun ပါ
Chiang Rai နယ်ထဲမှာရှိပါတယ်
ရှေးဘုရားကျောင်းတော်ဖြစ်ပြီးပျက်စီးနေတာပါ
ကျောင်းဝန်းကြီးကအကျယ်ကြီးပါ

ဒါကို၁၉၉၇ ခုနှစ်မှာ ထိုင်းမှာအင်မတန်နာမည်ကြီးတဲ့ ပန်းချီဆရာ Chalermchai kositpipat က ဘတ်ငွေသန်းချီပေးပြီး ဝယ်ခဲ့တာပါ
ဒီဘုရားကျောင်းကို အနုပညာမြောက်အောင်လုပ်ပြီး ထိန်းသိမ်းခဲ့တာပါ
၂၀၁၄ခုနစ်ငလျင်ကြောင့် ပျက်စီးတာတွေလည်း ပြန်လည်ပြုပြင်ထားပါတယ်
ဘတ်၅၀ ဝင်ကြေးယူတာကလည်း ဒီကျောင်းတော်ကြီးကို ပြုပြင်ထိန်းသိမ်းဖို့ပါ


အပြင်ဘက်မှာ ဒီကျောင်းတော်ကို စောင့်ရှောက်တဲ့ အစောင့်အရှောက်ပုံ ပန်းပုတွေ သစ်ပင်မှာ ချိတ်ဆွဲထားတာလည်း အသက်ဝင်လှပါတယ်
ကျောင်းတော်ကြီးရဲ့အဝင် လမ်းတံတားအကူးမှာ အရိုးခေါင်းတွေနဲ့ မြှောက်နေတဲ့လက်တွေ အလွန်အသက်ဝင်ပါတယ်
မကောင်းတဲ့လူတွေ သီလမလုံတဲ့သူတွေက ကောင်းရာဘုံကို မသွားနိုင်တဲ့သဘောပါ

အပြင်မှာ ဓါတ်ပုံရိုက်ခွင့်ပေးပေမဲ့ အထဲမှာ ရိုက်ခွင့်မပေးပါ

ရှေးဟောင်းဘုရားကို ဓါတ်ပုံရိုက်တဲ့အလင်းရောင်တွေက ထိခိုက်စေမှာစိုးလို့ ထင်ပါတယ်
ကျောင်းတော်ကြီးဟာ  အင်မတန်ကို  အနုပညာမြောက်ပြီး  ရင်သပ်ရှုမောစရာပါ
အဲဒီထက်ပိုတာက  လက်ရာထက်   ပန်းချီဆရာရဲ့  စိတ်ကူးနဲ့စေတနာပါ
အဲဒီအချိန်က  သူ့အသက်က၄၂ဘဲ ရှိပါသေးတယ်
များလှစွာသော ငွေကြေးတွေ နှစ်မြှုပ်ခဲ့ရတာပါ

ခုတော့ ထိုင်းတွေအတွက် ရှေးဟောင်းအမွေအနှစ်ကို ထိန်းသိမ်းနိုင်ရုံမက ဂုဏ်ယူစရာ အနုပညာတခုအနေနဲ့ ကမ္ဘာမှာ ဂုဏ်တက်စရာပါ
ကောင်းမွန်တဲ့အမွေပေးတဲ့ အဲဒီပန်းချီဆရာကြီးကိုသာဓုအကြိမ်ကြိမ်ခေါ်ရင်း လေးစားမိပါရဲ့

ရေအိမ်သွားချင်လို့ သွားတော့လည်း ရွှေရောင်အဆောင်မှာ ရွှေရောင်တွေဖိတ်ဖိတ်တောက်လို့ ဟိုတယ်ကြီးတွေရဲ့ သန့်စင်ခန်းထက်တောင် ဒီအများသုံးသန့်စင်ခန်းက ကောင်းမွန်နေပြန်တယ်

ဒီကျောင်းဆောင်ကြီးရဲ့မျက်နှာချင်းဆိုင်မှာတော့ ပုံမှန်မဟုတ်တဲ့ကလေးတွေရဲ့ ကျောင်း
ကျောင်းရှေ့မှာ ဒီကလေးတွေကိုယ်တိုင်လုပ်တဲ့ လက်မှုပစ္စည်းလေးတွေ ရောင်းတဲ့ဆိုင်
ကျောင်းရှေ့က မုန့်ဆိုင်လေးကလဲ အပင်လေးတွေအရုပ်ကလေးတွေနဲ့ စိတ်ချမ်းသာစရာ

ကဲဒီကနေရွှေတိရိဂံကို ချီတက်တော့မယ်
မဲခေါင်မြစ်ကို မော်တော်ဘုတ်နဲ့ဖြတ်ရင်း မြန်မာ, လာအိုနယ်စပ်တွေ ကြည့်ပြီး လာအိုဘက်ကို ခဏကူးမယ်
ဒါကတော့ စီးမယ်ဆို တယောက်ဘတ်၃၃၀ ပေးရမယ်
မိုးကရွာနေတော့ လှေစီးရမှာ ကြောက်ပေမဲ့ ကိုယ်ကိုတိုင်ကိုက ကိုယ်ြ့ပည်ကို အဝေးက လှမ်းကြည့်ချင်သေးတာလေ
အသက်ကယ်အင်္ကျီလည်း ဝတ်ရတယ်ဆိုတော့ လိုက်ဖြစ်သွားတာပေါ့
နာမည်ကျော်ရွှေတြိဂံကိုသွားနေပါပြီရှင်


ချင်းမိုင်အပိုင်း(၇)

ရွှေတြိဂံကိုသွားတဲ့ လမ်းခရီးက  မိုးမြူလေလား  တိမ်တောင်လေလားမသဲကွဲ , ကားနဲ့ ခရီးနဲ့သွားရတာနဲ့ မတူဘဲ  တိမ်တွေကြားမှာ လေယာဉ်စီးသွားရသလိုပါဘဲ

မိုးရေစပ်စပ်ကြားမှာဘဲ ရွှေတြိဂံနယ်စပ်ကို ရောက်ခဲ့ပါတယ်
မဲခေါင်မြစ်ကိုဖြတ်ဖို့အတွက် မော်တော်ဘုတ်ပေါ် ဆင်းရပါတယ်
အသက်ကယ်အင်္ကျီ ဝတ်ရပါတယ်

မော်တော်စထွက်တာနဲ့ ဂိုက်ကရှင်းပြပါပြီ
မြစ်ကြောင်းလေးနှစ်ကြောင်းက  သီးခြားဆီလာပြီး  မဲခေါင်မြစ်ထဲ  လာပေါင်းတာပါ
ဒီဘက်မြစ်ကြောင်းက  မြန်မာနဲ့ထိုင်းကြားက  လာတာ
ဟိုဘက်မြစ်ကြောင်းက  ထိုင်းနဲ့လာအိုကြားက
လာအိုနဲ့မြန်မာကြား  ဟိုအပေါ်ဘက်က  တရုပ်ပြည်ကစီးဆင်းလာတာ

ဒီနေရာမှာ  ကျွန်းလေးခံပြီး  တြိဂံပုံဖြစ်နေတာ
ဒီကျွန်းကို၃နိုင်ငံလုံး  ဘယ်သူမှမပိုင်ဘူးတဲ့
ဒီပေါ်မှာ လူသတ်မှုဖြစ်ရင်လည်း  ဘယ်သူမှဖမ်းလို့မရဘူးတဲ့လေ
ဒီပေါ်မှာ  ဘိန်းတွေစိုက်ကြသတဲ့

လာအိုကိုသွားရင်လည်း ဗီဇာမလိုဘူးတဲ့
ကျွန်မက တွေးမိတာ
သြဘယ်သူမှလည်း လာအိုလိုနိုင်ငံ သွားနေမှာမှ  မဟုတ်တာလို့လေ

မဲခေါင်မြစ်ထဲ ငါးဖမ်းလှေတစ်စီးစနှစ်စီးစ တွေ့မိပါသေးတယ်
ဟိုမှာဘက်ကမ်းက မြန်မာပြည်တဲ့

ဂိုက်ကညွှန်ပြလို့ကြည့်မိ
နန်းတော်လိုလို  အဆောက်အဦးကြီးကြီးတစ်ခု လှမ်းမြင်တော့
လာအိုဘက်က ခပ်နှိမ့်နှိမ့်အဆောက်အဦးတွေမြင်ပြီး မြန်မာပြည်, တယ်ဟုတ်ပါလားလို့ ဘဝင်မြင့်မလို့ ရင်ကလေး ကြွချီကာရှိသေး
ဂိုက်ဆက်ပြောတဲ့စကားကြားလိုက်မိတာနဲ့ ကြွနေတဲ့ရင်  သက်ပြင်းနဲ့အတူ နှိမ့်ချလိုက်ရပါတယ်
အဲဒီအဆောက်အဦးကြီးက ကာဆီနိုတဲ့
ထိုင်းလူမျိုး ပိုင်တာတဲ့လေ
တဖြေးဖြေးနဲ့နီးလာလို့မြင်ရတာက Win Club တဲ့

လာအိုဘက်  လက်ညိုးထိုးပြီး  ပြတဲ့ အမိုးခပ်ဝိုင်းဝိုင်းနဲ့ အဆောက်အဦးကလဲ ကာဆီနိုဘဲတဲ့ တရုပ်က ပိုင်တာတဲ့

ရပ်ထားတဲ့ ငါးဖမ်းသဘောင်္တွေကလဲ တရုပ် ငါးဖမ်းသင်္ဘောတွေတဲ့
လှမ်းကြည့်မိပါတယ်
မြန်မာစာလုံးနဲ့ ဖူကျန်း(၁)(၂)တဲ့
သြ မစဉ်းစားတတ်အောင်ပါဘဲလေ

ဒီလိုနဲ့ လာအိုဖက်ကမ်း ကပ်ပါတယ်
မြန်မာပြည် မြစ်ဝကျွန်းပေါ်မြို့သေးသေးလေးလောက်တောင်မရှိပါ , ရွာကြီးတစ်ခုလောက်ပါဘဲ
ကမ်းပေါ်တက်ပြီး ပစ္စည်းတွေရောင်းတဲ့ဆိုင်တွေဘက် ခေါ်သွားပါတယ်
ဆိုင်တွေက တဲဆိုင်ခန်းတွေဖြစ်ပြီး မှုံမှုံကုပ်ကုပ်နဲ့ အလင်းရောင်လဲမရပါဘူး
လူတွေကို ကြည့်ရတာလည်း မလန်းမဆန်းနဲ့ပါဘဲ
တိရိစ္ဆာန်တွေစိမ်ထားတဲ့အရက်တွေ များပါတယ်
မြန်မာပိုက်ဆံမျိုးစုံ ရောင်းတာတွေ့ရပါတယ်
တနေရာမှာ  သနပ်ခါးတွေ  မြန်မာဆေးတွေ  တွေ့လို့ ကြည့်လိုက်တော့ မြန်မာတွေ အတော်များများ ရှိနေတာကိုး

သြ  ငါ့အတွေးမှားပေါ့
ဒို့မြန်မာတွေ  ဒီလိုတိုင်းပြည်မှာတောင် ရှိနေပါလားလို့ တွေးမိရင်း ဘာအတွက် မောမှန်းမသိ  သက်ပြင်းမောသာ  ချမိပါတော့တယ်

အပြန်ခရီးမှာတော့ မြန်မာပြည်ဘက် လှမ်းမျှော်ကြည့်ရင်း
ထိုနေရာဟာ ငါတို့ပြည်
ထိုမြေဟာ ငါတို့မြေ
အတွေးထဲမှာ ငွေတာရီရဲ့သာသည့်မြေကဗျာအတွေးက ပေါ်လာပြန်တယ်

ဒီနေရာဟာ ဘာတွေသာသာ
ငါ့ပြည်ငါ့မြေသာဖို့ဆိုတာ ငါတို့မှာသာ တာဝန်ရှိတာပါလား
ဘယ်နေရာ ဘယ်လိုသာသာ
ငါ့ပြည်ငါ့မြေလောက်
မနွေးထွေးနိုင်ပါလား

လှမ်းမျှော်ကြည့်ရင်း လွမ်းမောမိပါတော့တယ်
အရင်က လွမ်းတာကိုဘာကြောင့်လွမ်းမောတယ်လို့ သုံးပါလိမ့်လို့ စဉ်းစားမိပါသေးတယ်
အခုတော့သိပါပြီ
လွမ်းရုံတင်မက
လှမ်းမျှော်ကြည့်ရင်း မောမိပါတယ် မြန်မာပြည်ရယ်


ပြန်ရောက်ပြီးတာနဲ့ နေ့လည်စာစားဖို့ ခေါ်သွားပါတယ်
တောင်စောင်းလေးပေါ်က စားသောက်ဆိုင်ပါ
သပ်ရပ်သန့်ရှင်းပြီး ကျယ်ကျယ်ဝန်းဝန်း ရှိပါတယ်
ဘူဖေးဆိုတော့ ကြိုက်တာ ယူစားရတာကိုး
ဒီမှာမြန်မာစတိုင်ကြက်သားဟင်းနဲ့ ချဉ်ပေါင်ရွက်ကျော်, ခရမ်းချဉ်သီး ငါးပိချက်နဲ့ တို့စရာလို့ ရေးထားတာတွေ့တော့ မြန်မာတွေရှိမှာဘဲလို့ တွေးမိတဲ့အတိုင်းပါဘဲ
မြန်မာဝန်ထမ်းတွေ ရှိကြပါတယ်


၁၀ရက်လောက် မြန်မာစာနဲ့ကင်းဝေးနေလို့ စားလိုက်မဟဲ့လို့တွေးပေမဲ့ ကိုယ့်မြန်မာလေးတွေရဲ့ အခြေအနေသိတော့ မြိုမကျ
လွမ်းမောမိပြန်ပြီမြန်မာပြည်ရယ်
စားသောက်ပြီးတော့ ပြန်လာကြပြီပေါ့

ကားပေါ်မှာ ဂိုက်က အပြန်လမ်းမှာ လည်ပင်းရှည်တွေရှိတဲ့ ရွာဝင်မယ်တဲ့
ဒီလည်ပင်းရှည်တွေရဲ့ ဇာတိက မြန်မာပြည်တဲ့
အင်း  သူတို့အမှန်ပြောသားလို့  ကျေနပ်မိလိုက်ရဲ့
ဆက်ပြောတာလဲကြားရော  ကိုယ့်မှာမခံချိမခံသာနဲ့  ဘာပြောရမှန်းမသိ  ဖြစ်သွားတယ်

သူတို့တွေက မြန်မာပြည်မှာ မနေချင်ဘူး
ဒီမှာဘဲ နေချင်တယ်ဆိုလို့ ရွာတရွာထောင်ပြီး ထားပေးတယ်

ဒီနိုင်ငံသားအဖြစ် ပေးလို့မရတော့ ရွာပြင်တော့ ထွက်ခွင့်မပေးဘူး
ရွာထဲမှာဘဲထားတယ်

ရက္ကန်းနဲ့ အထည်ခတ်ခိုင်းတယ်
လက်မှုပညာ သင်ပေးပြီး လုပ်ခိုင်းတယ်
ငှက်ပျောပင် နာနတ်ခင်း ပြောင်းဖူးခင်းတွေ စိုက်ခိုင်းတယ်

ဒီကရတာတွေကို သူတို့ထိုင်းလူမျိုးဆရာမတယောက်က ကြီးကြပ်ရောင်းချပြီး စားဝတ်နေရေးအတွက် လုပ်ပေးတယ်
ရွာထိပ်မှာ ဆရာမအိမ်ရှိပြီး ရောင်းချပေးတယ်
ရွာထဲဝင်ပြီး လည်ပင်းရှည်ကိုကြည့်ချင်ရင်ရွာအုပ်ချုပ်တဲ့လူတွေကို ဘတ်၂၀၀ပေးပြီးမှ ဝင်ရတယ်

ကဲ  သူတို့များ  ဘယ်လောက်များ အကွက် မြင်လိုက်သလဲ

ကျွန်မတို့ သားအမိရယ် , စလုံးတယောက်ရယ် ရွာထဲမဝင်ဘဲ နေခဲ့တယ်
တော်တော်လေးကြာတော့ ရွာရဲ့တဖက်အပေါက်ကနေ ဆယ်ကျော်သက်ရွယ် ကောင်မလေး၃ယောက်အမှိုက်အိပ်တွေကိုယ်စီနဲ့ ထွက်လာကြတယ်

ဒါကို  ကိုရွှေစလုံးက မြင်တာနဲ့ ဓါတ်ပုံရိုက်ဖို့ ပြေးသွားပါလေရော
ထိုင်းဆရာမလည်း မြင်ရော ရိုက်ခွင့်မပြုဘူးလို့ ပြောပြီး ကလေးမလေးတွေကို လည်ပင်းအုပ်မထားလို့ ဆူလိုက်ပုံရပါတယ်
တဘက်ကလေးတွေ လည်ပင်းပတ်ပြီး ရွာထဲအပြေး ဝင်သွားကြပါတယ်


သမီးက ဒီကလေးတွေရော ဒီလိုဘဲနိုင်ငံသား မဟုတ်ဘဲ ရွာထဲမှာ အမြဲနေရမှာလား ဆိုတော့
မဟုတ်ဘူးတဲ့
ခုဒီကလေးတွေက ကျောင်းနေကြတယ်
ထိုင်းစကားရော  စာရော တတ်လာပြီ
သူတို့ကို  ထိုင်းနိုင်ငံသားဖြစ်ခွင့်  ပေးလိုက်ပြီတဲ့

ဆုံးရှုံးသွားပြီနော်
သယံဇာတမက လူ့စွမ်းအားအရင်းအမြစ်တွေ

ကျွန်မထပ်၍ ထပ်ခါပြည်မြန်မာကို လွမ်းမောမိပြန်ပါပြီ
ကျွန်မအလွမ်းတွေရပ်တန့်ပါရစေတော့
ကျွန်မအမောတွေ ပြေပါရစေတော့
မနက်မှာတော့ မြန်မာပြည်ပြန်ရပါတော့မည်
အပြန်ခရီးမှာ အတွေးများနဲ့ နွမ်းလျအိမ်ပြန်ပေါ့
ပျောက်ဆုံးသွားသော အရာများစွာ ပြန်လည်ရရှိဖို့ အတွေးများစွာ
တွေးဆဆင်ခြင်ရရှိလျှင်ကား
ဒါလျှင်အမြတ် ကျွန်ကျေနပ်၏
လွမ်းမောမှုများပျောက်ပါစေ


No comments:

Post a Comment